ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
(၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ
ယနေ့ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်၊ ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာ နေ့ထူးနေ့မြတ် အချိန်အခါကို ယခုလို နှစ်စဉ်ပြာသိုလဆန်း (၁) ရက်နေ့တွင် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲကြပြီး ထိုနေ့ကို နိုင်ငံတော်အစိုးရက မြန်မာတစ်နိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် လေးစားဂုဏ်ပြု သတ်မှတ်ပေးထားပါသည်။ နှစ်သစ်ကူးနေ့ကို ကောင်းမြတ်သောနေ့၊ မင်္ဂလာရှိသောနေ့ဟု အဓိပ္ပာယ်ဖွင့်ကြပြီး နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းသည့် ကရင်နှစ်သစ်ကူးအချိန်အခါသမယမှသည် နှစ်သစ်အတွက် ကရင်တိုင်းရင်းသားတို့သည် စိတ်သစ်လူသစ်ဖြင့် လန်းဆန်းတက်ကြွနေမည်ဟု ယုံကြည်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး ဓလေ့ထုံးစံများ မတူကွဲပြားခြားနားကြသော်လည်း တိုင်းရင်းသားမျိုးနွယ်စုအားလုံး မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ ရင်းနှီးချစ်ကြည်စွာ အတူတကွ နေထိုင်လာခဲ့ကြပါသည်။ မွေးဖွားရာဇာတိ၊ နေထိုင်သည့် အရပ်ဒေသနှင့် ပြောဆိုသုံးနှုန်းသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ ဓလေ့ထုံးတမ်းအစဉ်အလာစသည်ဖြင့် မည်သို့ပင်ကွဲပြားခြားနားစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး ပြည်ထောင်စုကြီးအတွင်း စည်းလုံးညီညွတ်စွာစုပေါင်းနေထိုင်လာခဲ့ကြပါသည်။
ကရင်တိုင်းရင်းသားများသည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပါသည်။ အထူးသဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် များပြားစွာရှိနေကြပါသည်။ ကရင်တိုင်းရင်းသားတို့သည် သမိုင်းစဉ်တစ်လျှောက် တိုင်းရင်းသားအားလုံးနှင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြပါသည်။ ထို့ပြင် မိမိတို့နိုင်ငံ သူ့ကျွန်ဘဝကျရောက်ခဲ့စဉ်ကာလ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင်လည်း ကရင်တိုင်းရင်းသားတို့သည် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် အပြည့်အဝဖြင့် တိုင်းရင်းသားအားလုံးနှင့်အတူ အသက်သွေးချွေးတို့စတေးပြီး တိုက်ပွဲဝင်ခဲ့ကြသည်ကို သမိုင်းက သက်သေတည်လျက်ရှိပါသည်။
ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး သဘာဝအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းများ၊ ရေတံခွန်စိမ့်စမ်းများ၊ မြင့်မားလှပသည့်တောင်တန်းများ၊ စိမ်းလန်းစိုပြည်သည့်သစ်တောများရှိပြီး ဇွဲကပင်တောင်၏ အလှသည် ကရင်ပြည်နယ်၏ အထင်ကရနေရာ အမှတ်အသားတစ်ခုအဖြစ် တည်ရှိနေပါသည်။ ကရင်တိုင်းရင်းသားတို့၏ကိုယ်စားပြု ယဉ်ကျေးမှု သင်္ကေတမှာ ဖားစည်နှင့်ကျွဲချိုဖြစ်ပြီး ကရင်ဒုံးအကသည် လူကြိုက်များသောအကဖြစ်၍ ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ထင်ရှားသော ကိုယ်ပိုင်ယဉ်ကျေးမှုအကတစ်ခုဖြစ်ပါသည်။ ကရင်မျိုးနွယ်စုအားလုံးသည် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲ၊ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ စသည့်ဘာသာရေးဆိုင်ရာရိုးရာပွဲတော်များကို သတ်မှတ်ကာလအလိုက် ယဉ်ကျေးမှု စလေ့ထုံးစံများနှင့်အညီ ပြုလုပ်ကျင်းပကြပါသည်။
ကရင်တိုင်းရင်းသားတို့သည် ပင်ကိုယ်သဘာဝအရ ရိုးသားအေးချမ်းပြီး မာန်မာနကင်းစင်ကာ ပွင့်လင်းဖော်ရွေကြသူများ ဖြစ်ကြပါသည်။ အလားတူ ရဲရင့်ပြတ်သားပြီး ကတိသစ္စာလည်း ကြီးမားကြပါသည်။ ကရင်တိုင်းရင်းသားများ၏ ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ သမိုင်းအမွေအနှစ်များကို အစဉ်အလာအတိုင်း လက်ဆင့်ကမ်းဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကရင်တိုင်းရင်းသားများနည်းတူ အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမ အားလုံးသည် မိမိတို့၏ ကောင်းမြတ်သောအစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်ပြီး အားလုံးအတူတကွ ဥမကွဲသိုက်မပျက် တွဲလက်များညီညာပါက ပြည်ထောင်စုကြီးသည်လည်း စည်းလုံးညီညွတ်မှုဖြင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံတော်ထာဝရငြိမ်းချမ်းရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လွဲမှားသည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများအားလုံး အကျိုးထက်ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ သို့သော်လည်း အချို့မှာ အမှန်အတိုင်းရှုမြင်ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ပင် လျှောက်လှမ်းနေဆဲဖြစ်နေကြရာ နိုင်ငံနှင့် ပြည်သူအကျိုးကို ရှေးရှုလျက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းကြပါရန် အသိပေးတိုက်တွန်းလိုပါသည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ထာဝရကြိုဆိုလျက်ရှိပြီး အစဉ်အမြဲတံခါးဖွင့်ထားပါကြောင်း ထပ်မံအသိပေးဖော်ပြအပ်ပါသည်။
နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည်သာဖြစ်ပါသည်။ ထို့ပြင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ်(၅၆/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်(၁၀၂)မြို့နယ်ကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာချက်အမှတ်(၁၄၁/ ၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်(၁၀၀)ကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်ပါသည်။ အပိုင်း(၃)ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူအားလုံးကလည်း ရွေးကောက်ပွဲကြီးအောင်မြင်ရေး ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရေး၊ လူတိုင်းကျန်းမာရေးကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များ ရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ကရင်ပြည်နယ်အပါအဝင် နိုင်ငံနှင့်အဝန်း ရည်မှန်းချက်များ ချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။
နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်စေရေး စသည့်လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာနှင့် ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်သည် စီးပွားရေးအတွက် အခြေခံကောင်းသည့်သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည့်ဒေသဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးမှုနှင့် နိုင်ငံ့စီးပွားတိုးတက်မှုလည်း များစွာအထောက်အကူဖြစ်နိုင်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
ယနေ့ နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေးတို့ အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာဒေသများအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ဆူပူ အကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကြီးအား စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာပေးပို့ အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
- Log in to post comments