နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် စတင်ထွက်ခွာ
နေပြည်တော် ဩဂုတ် ၃၀
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပါသည်။
ခရီးစဥ်အတွင်း၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ကျင်းပမည့် နိုင်ငံပေါင်း(၂၆)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများ တက်ရောက်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင် စက်တင်ဘာလ ၃ ရက်၌ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို တက်ရောက်မည်ဖြစ်ပါသည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ H.E. Mr. Xi Jinping နှင့် အခမ်းအနားတက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များ၊ တရုတ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့ကိုလည်း ကြည့်ရှုလေ့လာသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
- Log in to post comments