နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းခံယူ
နေပြည်တော် ဩဂုတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့် အလုပ်သဘောခရီးစဥ် ထွက်ခွာလာသော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းတို့ကိုခံယူခဲ့ပါသည်။
ခရီးစဥ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထျန်းကျင်းမြို့တွင် ကျင်းပမည့် နိုင်ငံပေါင်း(၂၆)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အကြီးအကဲများတက်ရောက်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးနှင့် ပေကျင်းမြို့တွင် စက်တင်ဘာလ ၃ ရက်၌ ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို တက်ရောက်မည်ဖြစ်ပါသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၊ အခမ်းအနား တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များ၊ တရုတ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍတို့ကိုလည်း ကြည့်ရှုလေ့လာသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ခရီးစဥ်၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြပါသည်။
- Log in to post comments