Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့်အဆောင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၅ မေ ၂၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေညနေပိုင်းတွင် ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီး ဌာနသို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှု၊ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝန်ထမ်းများယာယီနေထိုင်ရန် Modular House များတပ်ဆင်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းရုံးအဆောက်အဦတို့၌ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြုပြင်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ရောက်ရှိကြပြီး အဆိုပါရုံး ပင်မအဆောက်အဦးနှင့် အခြားရုံးအဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်ရှိ ပြန်လည်နေထိုင်ရန်သင့်သည့် (အပြာရောင်အမှတ်အသားရ) တိုက်အမှတ် ၆၂၀၉ သို့ ရောက်ရှိကြပြီး အဆိုပါတိုက်အတွင်း ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုများကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏နေထိုင်စားသောက်မှုအခြေအနေ၊ နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ၅ မျိုးရရှိမှု အခြေအနေများကို မေးမြန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၁၀၇ သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံ အဆောက်အဦဖွံ့ဖြိုးမှုအသင်းက ငလျင်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အဦနှင့် အခန်းများတွင် Stitching Method ဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဇင် (၂) အပျိုဆောင် အဆောင်(၁) နှင့် သဇင် (၅) လူပျိုဆောင်အဆောင် (၁၁) တို့၌ ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ခဲ့သည့်နံရံများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများက SikaLatex ဆေးရည်၊ ကျုံ့ခြင်း မရှိသော ဘိလပ်မြေအခြေခံဘက်စုံသုံး ဆေးမှုန့် (SikaGrout) နှင့် ဘိလပ်မြေများရောစပ်၍ ကွဲအက်ခဲ့သည့် နေရာများအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။