ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၁၃
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ကျောက်မျက်စီခြယ် နဝရတ်ကိုးသွယ်” ယိမ်းအကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိတို့၏အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ရင်း နိုင်ငံတကာအလယ်တွင် မိမိနိုင်ငံ မိမိလူမျိုး၏ အမျိုးသားရေးဂုဏ်သိက္ခာမြင့်မားထည်ဝါအောင် ကြိုးပမ်းစွမ်းဆောင်ပေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို အစဉ်အလာမပျက် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၂၆)ကြိမ်မြောက် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းများကြောင့်လည်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အနုပညာရပ်များ ထိန်းသိမ်းမြှင့်တင်မှုတိုးတက်မြင့်မားလာပြီး အမျိုးသားရေးစရိုက်လက္ခဏာများ ထင်ရှားခိုင်မာလာမှုတို့နှင့်အတူ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်နိုးကြားထက်သန်မှု အကျိုးရလဒ်ကောင်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပေးနိုင်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
ယခုကဲ့သို့ အမျိုးသားရေးအနှစ်သာရနှင့်ပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်သူအများ၏ အားပေးချီးမြှောက်မှုများကြောင့်လည်း အဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင်အနုပညာရှင်များအားလုံး၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို လေးစားမြတ်နိုးစွာလေ့လာလိုက်စား ထိန်းသိမ်းမြှင့်တင်လိုသည့် စိတ်ကောင်း၊ စေတနာ၊ ပင်ကိုအရည်အသွေးကောင်းများနှင့်အတူ အားပေးကြသည့် မိဘဆွေမျိုးများနှင့် အနုပညာမြတ်နိုးသူ ဝါသနာရှင်အားလုံးတို့၏ ပူးပေါင်းပါဝင်မှုအကျိုးကျေးဇူးကြောင့်ဖြစ်သည်ကိုလည်း ဂုဏ်ပြုပြောကြားလိုကြောင်း။
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီး ထိန်းသိမ်းကြရမည့် အမွေအနှစ်များပင် ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မားလေလေ၊ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေးဝိသေသ လက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့်အဆင့်အတန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတစ်ဆင့်သာ ဖော်ညွှန်းပြဆိုကြရခြင်းဖြစ်ကြောင်း။
ထို့ကြောင့် မိမိနိုင်ငံမိမိလူမျိုး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေစိတ်ထားတို့ ယဉ်ကျေးသိမ်မွေ့စေရအောင်၊ အဆင့်အတန်းမြင့်မားစေရအောင် နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် ပုံဖော်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း။
မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး စသည့် ဂီတ၊ သဘင်နယ်ပယ်၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကပြသီဆိုတီးမှုတ်မှုနှင့် အသုံးပြုသည့် တူရိယာပစ္စည်းများသည်လည်း ထူးခြားသည့် မြန်မာ့မူ မြန်မာ့အသွင်စစ်စစ်ဖြင့် နိုင်ငံတကာတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် တင်ဆက်ပြသနိုင်ခြင်းအားဖြင့် တွေ့မြင်ရသည့် မျိုးဆက်သစ်လူငယ်များအဖို့ မြန်မာ့ယဉ်ကျေးမှု၏ ကြီးကျယ်ခမ်းနားထည်ဝါမှု၊ နက်နဲသိမ်မွေ့သည့် မြန်မာ့အနုပညာရပ်များ၏ ပြည့်စုံကြွယ်ဝမှုကို သိရှိနားလည်နိုင်ပြီး လေးစားဂုဏ်ယူခြင်းနှင့်အတူ အလေးထားမြတ်နိုးတန်ဖိုးထားစိတ်များ ပေါ်ပေါက်လာစေမည်မှာ မလွဲဘူးဟုမှာကြားလိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးပြီး လေ့လာကြိုးပမ်း ပြိုင်ပွဲဝင်ခဲ့ကြသည့် မျိုးဆက်သစ်လူငယ်များနှင့် ဆုရရှိကြသူအားလုံးကိုလည်း လေးစားဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
မိမိတို့မြန်မာလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ၊ အဆင့်အတန်းမြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ၊ နက်ရှိုင်းသိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ်အယူအဆများ၊ လူမှုကျင့်ဝတ်စည်းကမ်းများ၏ ဂုဏ်ကျေးဇူးများကြောင့် သမိုင်းအစဉ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည်ထွန်းပြောင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိထားပြီးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဒီကောင်းမြတ်သည့် အတိတ်အစဉ်အလာများ၊ ကောင်းမွေများကို တည်တံ့တိုးပွားအောင် ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စုပ္ပန်ကာလ၏ အခွင့်အလမ်းကောင်းများနှင့်ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း အမွေခံကောင်းများ ထားရစ်ခဲ့နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ခေတ် နိုင်ငံသူနိုင်ငံသားများဖြစ်သည့် မိမိတို့အားလုံး၏ ပခုံးပေါ်ကိုရောက်ရှိနေပြီဖြစ်ကြောင်း။
ထို့ကြောင့် အတိတ်ကာလက ဘိုးဘွားအမွေအနှစ်ဖြစ်သည့် မြန်မာ့အနုသုခုမပညာရပ်များနှင့်တကွ အမျိုးသားယဉ်ကျေးမှုအဆောက်အအုံကြီး၏ ကောင်းမွေများကို ပစ္စုပ္ပန်ကာလတွင် ကောင်းမြတ်သည့် ကြိုးပမ်းအားထုတ်မှုများဖြင့် ထိန်းသိမ်းမြင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများက ပေါက်ဖွားလာသည့် အကျိုးရလဒ်ကောင်းများနှင့် ပေါင်းစပ်ပြီး အနာဂတ်အတွက် အနုပညာအမွေအနှစ်စစ်စစ်များ ပွားများကျန်ရှိရအောင် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုတိုက်တွန်းလိုကြောင်း။
သမိုင်းအစဉ်အဆက်ဆက် ထိန်းသိမ်းအမွေဆက်ခံလာခဲ့သည့် အမျိုးသားယဉ်ကျေးမှုအရင်းအမြစ်များကို ပိုမိုအခြေခိုင်ခံ့အစွမ်းထက်စေရအောင် ရိုးရာအစဉ်အလာထိန်းသိမ်းမှုနှင့် တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်မြှင့်တင်ဆောင်ရွက်ပေးကြရန်၊ တိုင်းရင်းသားပြည်သူများ ဇာတိသွေးဇာတိမာန် မြင့်မားရေးနှင့် မြန်မာ့ရိုးရာအမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်လွှမ်းမိုးမှုကို ကာကွယ်တားဆီးပေးကြရန်၊ အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးစသည့် စိတ်ဓာတ်ရေးရာအခြေခံများ တိုးတက်ရင့်သန်ခိုင်မာမြင့်မားစေရအောင် ယဉ်ကျေးမှုအနုပညာစွမ်းအားတို့ဖြင့် မြှင့်တင်ပေးကြရန် ဆန္ဒပြုတိုက်တွန်း မှာကြားလိုကြောင်းပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တနင်္ဿာရီတိုင်းဒေသကြီး ထားဝယ်ရိုးရာ “ယန်းအက” ဖြင့် ထားဝယ်တိုင်းရင်းသားရိုးရာတေးဂီအဖွဲ့က ဖျော်ဖြေကပြတင်ဆက်ကြသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တနင်္ဿာရီတိုင်းဒေသကြီး ထားဝယ်တိုင်းရင်းသားရိုးရာ “ယန်းအက” ပြိုင်ပွဲနှင့် ကဗျာလွတ်ပြိုင်ပွဲတို့တွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အဖွဲ့များအား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဆို၊ မဟာဂီတပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)( အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) (အမျိုးသား) (အမျိုး သမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အဆို ခေတ်ဟောင်း/ ကာလပေါ် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲ၌ ပထမဆုရရှိသူ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မမိုးမြင့်စံက “အနန္တငါးဖြာ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က အက၊ အရေးနှင့် အတီး ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆုချီးမြှင့်ပွဲတွင် အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ကိုယ်စားပြုပြိုင်ပွဲဝင်များက ကပြသီဆို ဖျော်ဖြေတင်ဆက်ကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိမှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ (၅၉) ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၄၇) ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃၇) ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၃)ဆု၊ ပဲခူးတိုင်းဒေသကြီးမှ (၂၂)ဆု၊ မွန်ပြည်နယ်မှ (၂၁)ဆု၊ မကွေးတိုင်းဒေသကြီးမှ (၁၄)ဆု၊ ကယားပြည်နယ်မှ (၁၇)ဆု၊ ရှမ်းပြည်နယ်မှ (၁၃)ဆု၊ ရခိုင်ပြည်နယ်မှ (၁၀)ဆု၊ ကရင်ပြည်နယ်မှ (၁၂)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၃)ဆု၊ ချင်းပြည်နယ်မှ (၁၀)ဆုနှင့် ကချင်ပြည်နယ်မှ (၅)ဆု ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments