ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈ဝ) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်
နေပြည်တော် စက်တင်ဘာ ၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီတွင် ပေကျင်းမြို့၊ Tian'anmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှဖိတ်ကြားထားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့များ၊ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး သတ်မှတ်နေရာတွင် နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဦးဆောင်၍ စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် Tian'anmen Rostrum ရှုစင်သို့ တက်ရောက်နေရာယူကြသည်။
ဆက်လက်၍ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားအား ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များအား စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှဖိတ်ကြားထားသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနား မစတင်မီအချိန်တွင်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အာမေးနီးယားနိုင်ငံနှင့် အခြားနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံအလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments