Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား

ယနေ့မင်္ဂလာရှိသော ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးတို့သည် လူသားတို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်ရာ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိသော ကမ္ဘာ့စားနပ်ရိက္ခာနေ့သည် ကမ္ဘာ့လူသားအားလုံးအတွက် အထူးအလေးထားရမည့်နေ့ဟု အသိအမှတ်ပြုရမည်ဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (၃ ဘီလီယံ) ခန့်သည် ကျန်းမာရေးနှင့် ပြည့်စုံသည့် အစားအစာမရရှိကြောင်း၊ ၁ဝ ရာခိုင်နှုန်းသော ကမ္ဘာ့လူဦးရေမှာ ဘေးမကင်းသည့် အစားအစာများ၏ အကျိုးသက်ရောက်မှုကိုခံစားနေရကြောင်း၊ ကမ္ဘာ့အစားအစာစနစ်သည် မညီမျှမှုနှင့် မမျှတမှုများ ဖြစ်ပေါ်နေကြောင်း၊ ကမ္ဘာကြီး၏ အချို့သောနေရာများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံ၊ သားငါးနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုကို လျော့ကျစေလျက်ရှိပြီး ထွက်ကုန်များ၌ အာဟာရဓာတ် ပါဝင်မှုများလည်း ပြောင်းလဲလျက်ရှိကြောင်း၊ လေလွင့်ပြုန်းတီးမှုများသည် သီးနှံသားငါးထုတ်လုပ်မှုတွင် ၁၄ ရာခိုင်နှုန်းနှင့် စားသုံးမှုတွင် ၁၇ ရာခိုင်နှုန်းမျှရှိနေကြောင်း၊ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေမှုများအရ ကမ္ဘာတစ်ဝန်း၏ စားနပ်ရိက္ခာဖူလုံမှုကို ထပ်ဆင့်ထိခိုက်စေလျက်ရှိရာ လက်ရှိစားနပ်ရိက္ခာဖူလုံမှုမရှိခြင်း ခံစားနေရသည့် ကမ္ဘာ့လူဦးရေ သန်း (၆၉၀) ထက် ထပ်မံ၍ သန်း (၁၀၀) ခန့် ပိုမိုတိုးပွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

သို့ဖြစ်ရာ စားနပ်ရိက္ခာထုတ်လုပ်မှုတွင် အခြေခံကျသည့်လယ်ယာကဏ္ဍကြီးနှင့် ထုတ်လုပ်မှု ကွင်းဆက်လုပ်ငန်းများ၌ အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အရည်အသွေးကောင်း ထွက်ကုန်များ ထွက်ရှိရေး၊ လေလွင့်ပြုန်းတီးမှုများ လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့သည့်မျိုး၊ နည်းစနစ်များအသုံးချရေး၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ ထိုက်သင့်သည့်ဝင်ငွေရရှိရေးတို့အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိရောက်သော မူဝါဒများ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး အဓိက အခြေခံစီးပွားရေးမှာ လယ်ယာကဏ္ဍဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးရေးအစီအစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းအရ လယ်ယာကဏ္ဍအနေဖြင့် စုစုပေါင်း ၁၄.၁ ရာခိုင်နှုန်းပါဝင်ပြီး သားငါးကဏ္ဍအနေဖြင့် စုစုပေါင်း ၇.၇ ရာခိုင်နှုန်းပါဝင်လျက်ရှိပါသည်။ စုစုပေါင်း ပို့ကုန်တန်ဖိုးတွင် လယ်ယာကဏ္ဍ ပို့ကုန်တန်ဖိုးပါဝင်မှုမှာ ၃၈ ရာခိုင်နှုန်း ဖြစ်ပါသည်။

စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်တွင်း၌ အဓိကစားသုံးသည့် ဆန်စပါးကို ဒေသအလိုက် ဖူလုံရေးအစီအမံများ၊ စားသုံးရာတွင် အရည်အသွေးကောင်းပြီး ပြည်ပဈေးကွက်တွင် ဈေးကောင်းရစေမည့် စပါးမျိုးများ တိုးတက်ထုတ်လုပ်နိုင်ရေး အစီအစဉ်များချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် လက်ရှိစိုက်ပျိုးဧရိယာပေါ်တွင် အထွက်နှုန်းတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအတွင်း ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးသော်လည်း စားသုံးဆီဖူလုံမှုမရှိသဖြင့် ပြည်ပမှတင်သွင်း ရလျက်ရှိရာ မြေပဲနှင့်နှမ်းအပြင် ဆီထွက်နှုန်းကောင်းသည့် ဆီအုန်း။ နေကြာ၊ ပြောင်း၊ မုန်ညင်းနှင့် ပဲပုပ်တို့ကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ ဖွဲနု၊ ဝါစေ့နှင့် ပြောင်းဖူးကဲ့သို့ ဘေးထွက်ပစ္စည်းများမှလည်းကောင်း ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်ကာ တစ်ဖက်ကလည်း ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အညီ စားသုံးဆီသုံးစွဲမှုလျှော့ချကြရန် အသိပညာပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ၏ စားရေးအပြင် ဝတ်ရေးအတွက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အထည်အလိပ်ကဏ္ဍတွင် အရေးကြီးသည့် "ဝါ" ကို အဓိကသီးနှံအဖြစ် မြှင့်တင်ဆောင်ရွက်ရန်နှင့် စက်မှုကဏ္ဍကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ ခေတ်မီတိုးတက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားသည့်ကာလတွင် သွင်းအားစု၊ သယ်ယူ ပို့ဆောင်စရိတ်နှင့် ထုတ်လုပ်မှုစရိတ်များ မြင့်တက်လျက်ရှိသော်လည်း နိုင်ငံအတွင်းစားသောက်ကုန် ပြတ်လပ်မှုမရှိသည့်အပြင် ယခုနှစ်တွင်ရာသီဥတုကောင်းမွန်သဖြင့် စိုက်ပျိုးရေလုံလောက်မှုရှိသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်ဖွယ်မရှိကြောင်း ခန့်မှန်းထားပါသည်။

စားနပ်ရိက္ခာအတွက် အရေးကြီးသည့်သီးနှံများအား ဧရိယာတိုးချဲ့ စိုက်ပျိုးနိုင်ရေးစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရန်နှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကဏ္ဍတိုးတက်လာစေရန် ဌာန၊ သမဝါယမ၊ ကုမ္ပဏီအစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ ရေမြေ၊ ဒေသအလိုက် လိုက်လျော ညီထွေဖြစ်မည့်သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဆည်ရေလုံလောက်စွာမရရှိသည့်ဒေသများတွင် ဝင်ငွေရရှိစေနိုင်မည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် သက်တမ်းတို ဟင်းသီး/ရွက်များ စိုက်ပျိုးခြင်း၊ ဒေသဝမ်းစာဖူလုံရေးအစီအမံများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ စိုက်ပျိုးနည်း ပညာပေးလုပ်ငန်းများမြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ၏ အာဟာရပြည့်ဝရေးအတွက် အသားကဏ္ဍဖွံ့ဖြိုးပြီး အသားစားသုံးမှုမြင့်မားလာစေရန်နှင့် မွေးမြူရေးလုပ်ငန်းခေတ်မီဖွံ့ ဖြိုးလာစေရန်အတွက် နွား၊ ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ ဘဲနှင့် ကြက် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးခြင်း၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်မျိုးပွားမှုကို မြှင့်တင်ခြင်း၊ မွေးမြူရေးခြံများတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များ (Good Animal Husbandry Practices - GAHP) လိုက်နာကျင့်သုံးစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာစွာရရှိရန်နှင့် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ငါး၊ ပုစွန် မွေးမြူခြင်းလုပ်ငန်း၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices GAqP) အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးပံ့ပိုးခြင်း၊ ငါးမွေးမြူရေး သင်တန်းများဒေသအရောက် ပို့ချခြင်းနှင့် လိုအပ်သောသားပေါက်များ ဖြန့်ဖြူးပေးခြင်း၊ ငါးရောဂါဆိုင်ရာ ဓာတ်ခွဲခန်းများ တည်ထောင်ခြင်း၊ အအေးပိုင်းငါးများ သားဖောက်ခြင်းနှင့် မွေးမြူရေးနည်းပညာများ ပံ့ပိုးပေးခြင်း၊ မြစ်ချောင်းများအတွင်း လှောင်အိမ်ဖြင့် ငါးမွေးမြူသည့် နည်းပညာများ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိသည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အဓိက ရိက္ခာဖြစ်သည့် စပါးသီးနှံစိုက်ဧက (၁၇.၂၀) သန်းကျော်နှင့် အထွက်တင်းပေါင်း (၁၂၆၅) သန်းကျော် စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ပါသည်။ အဓိက ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက (၇.၂၁) သန်းကျော်၊ အထွက်တင်းပေါင်း (၁၈၄) သန်းကျော်နှင့် ပဲမျိုးစုံသီးနှံများ စိုက်ဧကစုစုပေါင်း (၉.၈၁) သန်းကျော်၊ အထွက်တင်းပေါင်း (၁၅၆.၈၉) သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။ ထို့ပြင် နှစ်အတွင်း အသားမက်ထရစ်တန် (၁.ဝ၅)သန်း၊ ငါးမက်ထရစ်တန် (၅.၄)သန်း၊ နို့ကီလိုဂရမ်(၁၈.၇)သန်း၊ ဥအလုံးရေ (၂၈၃.၈၁) သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။

ထို့ပြင် နိုင်ငံတွင်းအာဟာရချို့တဲ့မှုနှုန်းမြင့်မားနေခြင်းကို လျှော့ချရန် ရည်ရွယ်ရေးဆွဲထားသော ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ (၅) နှစ်စီမံကိန်း (၂၀၁၈ ၂၀၂၃) ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အရည်အသွေးကောင်းထုတ်ကုန်များ ဖြစ်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုအရ နိုင်ငံတွင် ဆန်နှင့် စားနပ်ရိက္ခာပြည့်စုံစေသည့်အပြင် အပိုအလျှံများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျက်ရှိပါသည်။

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးညီညွတ်မျှတရန်လိုအပ်ပြီး အထူးသဖြင့် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသည့်ဒေသများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ဆောင်နိုင်ရန် အရင်းမပျောက်မတည်ငွေ ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်သူများ၏ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးကို ဌာန / အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်စေခြင်း၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများအား နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိစေရန် လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ ဇီဝမျိုးစုံ မျိုးကွဲ ကွန်ဗင်းရှင်း (Convention of Biological Diversity- CBD) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများညီလာခံတွင် ချမှတ်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ( ၂၀၁၅ -၂၀၂၀ ) အားရေးဆွဲပြီး ဘာသာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (၅) ဖွဲ့ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒကို ထုတ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။

ငါးသယံဇာတ ရေရှည်တည်တံ့ရေးအတွက် ငါးမဖမ်းရရာသီ သတ်မှတ်ခြင်း၊ တရားမဝင် ငါးဖမ်းဆီးမှု ပပျောက်စေရေးအတွက် Vessel Monitoring System ဖြင့် စောင့်ကြည့်ကြပ်မတ်ခြင်း၊ မျိုးစိတ်တစ်ခုခြင်းအလိုက် / ငါးဖမ်းဧရိယာအလိုက် ငါးမဖမ်းရနယ်မြေများ သတ်မှတ်ခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းကိရိယာများဖြင့် မဖမ်းဆီးရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်းများနှင့် ငါးသယံဇာတတည်ရှိမှ အကဲဖြတ်လေ့လာဆန်းစစ်ခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

ချစ်ခင်လေးစားရပါသောမိဘပြည်သူများခင်ဗျား

ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ " ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ (Our actions are our future. Better Production, Better Nutrition, a Better Environment and a Better Life) ဟူ၍ ဖြစ်ပါသည်။

မိဘပြည်သူအပေါင်းတို့၏ လူမှုစီးပွားဘဝနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်သာယာလှပစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ယနေ့ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သော အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားနပ်ရိက္ခာဖူလုံစွာရရှိရေး၊ ဆင်းရဲချမ်းသာကွာဟမှုများ ကျဉ်းမြောင်းရေး၊ ကျေးလက်ဒေသ စည်ပင်သာယာဖွံ့ဖြိုးရေးလုပ်ငန်းများသည် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်နှင့် ထပ်တူကျလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအပေါင်း၏ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်မှုနှင့်အတူ ဆက်လက်၍ ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အဓိဋ္ဌာန်ပြုပါကြောင်း ယနေ့ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် မိဘပြည်သူအပေါင်းတို့ထံ လေးမြတ်စွာသဝဏ်လွှာပေးပို့အပ်ပါသည်။