ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ( ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ချစ်ကြည်လေးစားအပ်ပါသော ချင်းတိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ် အခါသမယတွင် ချင်းတိုင်းရင်းသားများ မျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့ လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့သော ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို “ချင်းအမျိုးသားနေ့” အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြပြီး ဂုဏ်ယူစွာဖြင့် နှစ်စဉ်အခမ်းအနားများ ကျင်းပခဲ့သည်မှာ ၇၇ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားများ အားလုံးသည် ရှေးနှစ်ပေါင်းများစွာက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စိတ်တူကိုယ်တူ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်လာခဲ့ကြရသောကြောင့် ကမ္ဘာ့အလယ်တွင် သိက္ခာရှိစွာဖြင့် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးခဲ့ရချိန်တွင်လည်း တိုင်းရင်းသားအားလုံး၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြန်လည်ရယူနိုင်ခဲ့ပါသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ်တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသောတိုင်းရင်းသား ပြည်သူတို့နှင့်အတူ ရဲဝံ့စွန့်စားစွာဖြင့် ခုခံတော်လှန်ခဲ့ကြပါသည်။ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလကလည်း ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့သည် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့စဉ် (၃) ကြိမ်လုံး ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) သီရိပျံချီ ဦးထပ်လိုင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီးဟရန်ထီးယို၊ ဒုတိယဗိုလ်မှူးကြီး လျန်ကျင့်ဇမ်း၊ ဗိုလ်ကြီး သူရအောင်ဆန်း သူရိယတိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင်ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများသည် နိုင်ငံတော်အတွက် ကျရာ တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။
ထိုသို့ နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့် တပ်မတော်အတွက် ထာဝရဂုဏ်ယူလေးစားနေရသည့် ချင်းတိုင်းရင်းသားမျိုးချစ်သူရဲကောင်းများစွာ သမိုင်းထင်ကျန်ရစ်ခဲ့ကြသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများအတွက် ဂုဏ်ယူလေးစားဖွယ်ဂုဏ်ဒြပ်များပင် ဖြစ်ပါသည်။
ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့ အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲ ပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာ ရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား နှစ်ထောင်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်တရားနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန်အတွက် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒသွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။
ယခုကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထား မမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသ များကို အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အဦများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန် ရရှိနေသည့်အခြေအနေမှာ ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့်ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ချင်းတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဟူသော နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်ထားပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးဟူသော အမျိုးသားရေးရည်မှန်းချက် (၂) ရပ် ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ပြီး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာများကို ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်ပြီး စီးပွားရေးကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးပါ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျနသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ပစ္စည်းများမှသည် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်ကြရန်နှင့် ဒေသတွင်းစားသုံးမှုဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအထိပါ ကြိုးစားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်မှ ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
မိမိတို့ ရည်မှန်းတည်ဆောက်နေသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတစ်ဦးချင်းစီ၏ လူမှုဘဝ တိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံကြရန် လိုအပ်ပါသောကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေး အပါအဝင် ကဏ္ဍအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း တိုးတက်စေရေး၊ အသက်မွေး ဝမ်းကျောင်း ပညာအပြင် အဆင့်မြင့်ပညာများအထိ ဆုံးခန်းတိုင်သင်ယူပြီးမြောက်စေပြီး ပညာတတ်လူငယ်များ ပေါ်ထွန်းလာစေရန် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ သို့မှသာ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြင့် နိုင်ငံ့အနာဂတ်ကို တိုးတက်အောင်မြင်အောင် ဖော်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်၍တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လွတ်လပ်စွာ ဆွေးနွေးပြောဆိုကြရန် ကမ်းလှမ်းထားကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မဲဆန္ဒရှင်ပြည်သူများအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ အုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများမှ ကင်းဝေးစေပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ တိကျမှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် အလေးထားဆောင်ရွက်လျက် ရှိပါသည်။ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ချင်းတိုင်းရင်းသားများကလည်း ဒေသချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်များကို အရင်းခံကာ စည်းလုံးညီညွတ်စွာဖြင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပန်ကြားလိုပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း အပ်ပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ ချင်းပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- Log in to post comments