Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၂၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစု သိရှိနားလည်နိုင်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း။

 

နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအချိန်သည် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီး သစ္စာမဲ့သည့်နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင် စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲနှင့် အကျပ်အတည်းများကို နိုင်ငံတော်တွင်ရှိသမျှသော အင်အားစုများဖြင့် ရင်ဆိုင်ကျော်လွှားခဲ့ကြရကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အကြမ်းဖက်မှုများ တဖြည်းဖြည်းလျော့ပါးသွားခဲ့ကြောင်း။

 

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရမှု

အကြမ်းဖက်မှုဖြစ်စဉ်များအပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ် ၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်မှု ပြီးလျှင်ပြီးချင်း မိမိကိုယ်တိုင် သွားရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို အမြန်ဆုံးဆောင်ရွက်စေခဲ့ရာ ၆ လအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးမှုများရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှု ကြုံတွေ့ခဲ့ရချိန်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရကြောင်း၊ မကြာသေးမီက မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီး ကြုံတွေ့ခံစားခဲ့ရချိန်၌လည်း နိုင်ငံတော်နှင့် ပြည်သူလူထုတို့တွင် ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုနှင့် ငလျင်ဘေးဒဏ် စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့တွင်ရှိသည့်အားများကို စုစည်း၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရကြောင်း၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ငလျင်လှုပ်ခတ်ပြီးမကြာမီ နာရီပိုင်းအတွင်း မိမိအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို နိုင်ငံတော်သို့ အသိပေး ပြောကြားခဲ့ပြီး နိုင်ငံတကာမှ အကူအညီများရရှိရေးအတွက်လည်း ပြောကြားခဲ့ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့မှုကြောင့် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်း မှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း။

 

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးပြည်နယ် လွှတ်တော်များ ခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ဒေသနှင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 

တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရမည်

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မျှ မပါရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်းအရည်အချင်းများ ပြည့်ဝစေရေး အဆင့်အလိုက် သတ်မှတ်ထားသည့် အခြေခံသင်တန်းများနှင့် သက်ဆိုင်ရာနယ်ပယ်များအလိုက် စစ်ပညာများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးကောင်းမွန်စေရေး သတ်မှတ်ထားသည့်ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို နေ့စဉ်ဆောင်ရွက်နေရန်လိုပြီး ကိုယ်ခန္ဒာကြံ့ခိုင်မှုရှိမှသာ တိုက်စွမ်းရည်အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေးအတွက် တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့်အရည်အချင်းများနှင့် တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း။

 

ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံစီးပွားမြှင့်တင်ခြင်းကို ဖော်ဆောင်ပေးနိုင်ရမည်

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရမည်ဖြစ်သည့်အပြင် နိုင်ငံစီးပွားတိုးတက်ရေးအတွက်လည်း တပ်မတော်အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ စားသောက်နေထိုင်ရေးကိုပြည့်စုံအောင် ဆောင်ရွက်ပေးမည်ဆိုပါက ဒေသစီးပွားတိုးတက်ရေးအတွက်လည်း အထိုက် အလျောက် အကူအညီပေးနိုင်ကြောင်း၊ အလားတူ တပ်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥ နှင့် ဟင်းသီးဟင်းရွက်များအား ဒေသခံပြည်သူများကို ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက ဒေသစီးပွားရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလားတူ တစ်ဦးချင်းဆောင်ရွက်နိုင်သည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာချောင်ချိရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသအလိုက် လုံခြုံတည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါကလည်း ဒေသ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ သက်ဆိုင်ရာဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မှုမှသည် နိုင်ငံစီးပွားမြှင့်တင်မှုကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

 

တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရည်မြင့်မားရေး

ပညာရေးနှင့်ပတ်သက်၍ ယခုလ ၂၂ ရက်မှစတင်၍ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်နေပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် မိဘများအနေဖြင့်လည်း မိမိတို့ကလေးငယ်များ၏ ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပညာရေးကောင်းမွန်မှသာလျင် ၎င်းတို့၏ ဘဝတစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် မိမိတို့အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပညာရေးနှင့်ပတ်သက်သည့် အားပေးထောက်ပံ့မှုမျိုးစုံကို ပြုလုပ်ပံ့ပိုးလျက်ရှိကြောင်း။

 

တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးဖြင့် စုစည်းညီညွတ်သည့်အားကို တည်ဆောက်

တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ မိမိတို့တပ်အတွင်းနှင့် တပ်အချင်းချင်း စည်းလုံးညီညွတ်မှုရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ်စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ တွေ့ကြုံနေရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း “တောင်ကြီး ဖဝါးအောက်”ဟူသည့်စိတ်ဓာတ်များမွေးမြူ၍ ကျော်လွှားဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့်လည်း ဒေသခံပြည်သူများနှင့်အတူ တစ်သွေးတည်း တစ်သားတည်း ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုပြီး တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်သွားကြရန်နှင့် ဒေသအကျိုး၊ ဒေသခံများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ စုစည်းညီညွတ်သည့်အားများဖြင့် ပြည်သူလူထု၏အကျိုးစီးပွား၊ နိုင်ငံ၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များ သည် ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ကျန်းမာရေးအခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။