Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၆ ရက်) ညနေပိုင်း ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိပါသည်။

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၆ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ချန်ဒူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခြင်း ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အလုပ်သဘောခရီးစဉ်အဖြစ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025 Plus) သို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်အချို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများအား ကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးကဏ္ဍစသည်တို့အား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။