Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေး နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ - ၂၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေး နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ A အဆောင်နှင့် B အဆောင်နေရာ များတွင် တပ်မတော်သားများနှင့် ပူးပေါင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ဖယ်ရှား ရှင်းလင်း နေမှု၊ ထိခိုက်မှု အနည်းငယ်သာရှိသည့် ဈေးအဆောက်အဦ C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ပျဉ်းမနား အမှတ်(၁) မြို့မဈေးသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧက ကျယ်ဝန်းပြီး ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်း ရှိသည့်အနက် ငလျင်ဒဏ်ကြောင့် A အဆောင်နှင့် B အဆောင်တို့ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်း ပျက်စီးသွားကြောင်း သိရသည်။ ထို့ပြင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ဈေးအတွင်းမှ အဆောက်အဦ C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက် ရောင်းချခွင့်ပြုထားကြောင်း၊ မြို့မဈေးကြီး အသစ်ပြန်လည်တည်ဆောက်မည့်ကာလတွင် ပျဉ်းမနား မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) သို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဆိုပါ ကျောင်းဝန်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများနှင့် အခြား ကျောင်းအဆောက်အဦများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာစက်မှုဌာန အဆောက်အဦ (ရာပြည့် အဆောက်အဦ)၊ ကျောင်းအုပ်ကြီးရုံး၊ ကရမက်ဆောင်၊ ဧည့်ရိပ်သာ၊ ယင်းမာဆောင်၊ သရဖီဆောင်၊ ရွှေရောင်ခြည်ခန်းမနှင့် စာသင်ဆောင်တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်နေရာတွင် မူလအဆောက်အဦ ပုံစံအတိုင်း ဆောက်လုပ်ရေး၊ မဆောက်လုပ်မီ မြေအနေအထား စမ်းသပ်ပြီးမှ ဆောက်လုပ်ရေး၊ အနည်းငယ် ပြုပြင်ရမည့် စာသင်ဆောင်အဆောက်အဦများ ကြံ့ခိုင်ရေးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး ပြုပြင်ခြင်းအား ဇွန်လ ကျောင်းဖွင့်ချိန်အမီ ပြုပြင်သွားရန်၊ အရေးကြီး စာရွက်စာတမ်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အခြားလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းမိသားက နေထိုင်စားသောက်မှု အခြေအနေနှင့် အခြားလိုအပ်သည်များ တင်ပြရာ ဒုတိယဝန်ကြီးချုပ်က အခြေခံ စားသောက်ကုန် တစ်လစာ ထောက်ပံ့ပေးမည့် အခြေအနေနှင့် ယာယီကျောင်းရုံးခန်း အဆင်ပြေစေရေး Modular House များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများကို ပြောကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

အဆိုပါ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တွင် အဆောက်အဦ ၉၂ ရှိသည့်အနက် ရှေးဟောင်းအဆောက်အဦ ၅ လုံးအပါအဝင် အခြားအဆောက်အဦ ၃ လုံး စုစုပေါင်း ၈ လုံး လုံးဝ ပျက်စီးဆုံးရှုံးခဲ့ပြီး နှစ် ၁၀၀ ပြည့် ရှေးဟောင်းအဆောက်အဦ ၁ လုံး အပါအဝင် အခြားအဆောက်အဦ ၄ လုံး စုစုပေါင်း ၅ လုံး အန္တရာယ်ရှိသည့်အဆင့် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၄၆၁ ဦးရှိပြီး စာသင်ဆောင်များလိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းရှိ လယ်ယာစက်မှုဌာန အဆောက်အဦ(ရာပြည့်အဆောက်အဦ) သည် အေဒီ ၁၉၂၃ ခုနှစ်တွင် ကျောင်းသစ်အဖြစ် ဆောက်လုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ မော်တာစက်ပြင်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းများကို ပစ္စည်းအပြည့်အစုံဖြင့် သင်ကြားပေးခဲ့သည့် နေရာဖြစ်ကြောင်း၊ ကရမက်ဆောင်သည် အေဒီ ၁၉၂၆ ခုနှစ်တွင် ဆရာများ နေထိုင်ရန် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံးခန်း စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ယင်းမာဆောင်သည် အေဒီ ၁၉၂၈ ခုနှစ်တွင် ကျောင်းသားများနေထိုင်ရန် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်းတပ်ခွဲရုံး စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခု ဖြစ်ကြောင်း၊ သရဖီဆောင်သည် အေဒီ ၁၉၃၈ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်း တပ်ခွဲရုံး စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။